ဘာကြောင့် အစာအိမ်ရောဂါတွေ အလွယ်တကူ ဖြစ်နေကြတာလဲ
အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ရင်ပူတာ၊ အစာအိမ်နာတာ စတဲ့ အစာအိမ်ရောဂါတွေ ခံစားနေရတဲ့သူတွေ အများကြီး ရှိပါတယ်။ အစာအိမ်ရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကလည်း အများကြီးပါပဲ။ စိတ်ဖိစီးမှုတွေရှိတာ၊ ဆေးလိပ်သောက်တာ စတဲ့အကြောင်းတွေကြောင့်အပြင် နေထိုင်စားသောက်ပုံ မမှန်တာကလည်း အစာအိမ်ရောဂါတွေ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။
(1)) ကာဗိုဟိုက်ဒရိတ်နဲ့ အချိုတွေ စားလွန်းခြင်း
ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာ အများစုဟာ အူမကြီးထဲမှာ အစာခြေလိုက်တဲ့အခါ အချဥ်ဖောက်သလို ဖြစ်ပြီး Gas တွေ ထွက်ကာ လေပွလေကယ်သလို ဖြစ်စေပါတယ်။ ခန္ဓာကိုယ်မှာ စွမ်းအင်ရဖို့အတွက် ကာဗိုဟိုက်ဒရိတ်ကို နေ့စဥ်လိုအပ်ပေမယ့် ဗိုက်အင့်နေအောင် အလွန်အကျွံ စားတာမျိုး ရှောင်သင့်ပါတယ်။
တချို့လူတွေဟာ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ပါတဲ့ Lactose သကြားကို မချေဖျက်နိုင်တဲ့ Lactose Intolerance လို့ခေါ်တဲ့ ရောဂါရှိပြီး Lactose သကြားပါတဲ့ အစားအစာတွေ စားပြီးမကြာခင် ဗိုက်အောင့်တာ၊ လေလည်တာ၊ ဝမ်းသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မကြာခဏ ဖြစ်နေရင်တော့ Lactose သကြားပါတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ရှောင်ရမှာပါ။
(2) သကြားအစားထိုးပစ္စည်းများ
Sugar-free လို့ ရေးထားတဲ့ အစားအစာတွေမှာ ကယ်လိုရီနည်းတာ မှန်ပေမယ့် လေပွလေကယ်တာနဲ့ ဗိုက်မအီမသာတာလို သကြားစားတဲ့အခါ ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အတူတူပဲမို့ သတိထားစားသင့်ပါတယ်။
(3) ကာဗွန်နစ်အက်ဆစ်ပါတဲ့ ဖျော်ရည်တွေနဲ့ ဘီယာသောက်ခြင်း
အမြှုပ်ထစေတဲ့ ဆော်ဒါပါတဲ့ ဖျော်ရည်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပါဝင်တဲ့အတွက် လေချဥ်တက်စေပါတယ်။ လေချဥ်တက်ပြီး မထုတ်လွှတ်နိုင်တဲ့ Gas တွေက ဗိုက်ထဲမှာ လေပွလေကယ် ဖြစ်စေပါတယ်။ ဘီယာမှာက ကာဗွန်ဒိုင်အောက်ဆိုဒ်အမြှုပ်တွေအပြင် အစေ့အဆန်တွေကို အချဥ်ဖောက်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေပါ ပါဝင်တာကြောင့် အစာအိမ်ပြဿနာတွေကို ၂ ဆ ပိုဆိုးစေမှာပါ။
(4) အရက် အလွန်အကျွံသောက်ခြင်း
အယ်လ်ကိုဟောက အစာအိမ်အက်ဆစ်တွေ ပိုထွက်စေတဲ့အပြင် အစာရေမျိုရဲ့ အောက်ပိုင်းက ရှုံ့ကြွက်သားကို လျော့ရဲစေတာကြောင့် ရင်ပူစေပါတယ်။ အရက်သောက်သူတွေဟာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို ရွေးချယ်လေ့မရှိဘဲ အလွယ်တကူရတာတွေပဲ စားတတ်တာက အစာအိမ်ကို ပိုဆိုးစေပါတယ်။
(5) အများကြီး စားခြင်း၊ အလောတကြီးစားခြင်း
တစ်ကြိမ်တည်းနဲ့ အများကြီးစားတာက အစာအိမ်ကို ဆွဲဆန့်လိုက်သလို ဖြစ်ပြီး ပြည့်အင့်ကာ ဗိုက်ကယ်စေတဲ့အပြင် အစာရေမျိုအောက်ပိုင်းက ရှုံ့ကြွက်သားကို တွန်းကန်ပြီး အစာတွေက အစာရေမျိုထဲကို ပြန်ဆန်တက်ကာ အစာခြေအက်ဆစ်တွေကြောင့် ရင်ပူတာ ခံစားရပါလိမ့်မယ်။ အလောတကြီးစားတာကလည်း အများကြီးစားမိစေသလို အစာမကြေတာလည်း ဖြစ်စေပါတယ်။
(6) ညဥ့်နက်မှ စားခြင်း၊ အစာစားပြီးတာနဲ့ လှဲအိပ်နေခြင်း
အစာစားပြီးတာနဲ့ ထမင်းလုံးစီတာ ဆိုပြီး လှဲအိပ်နေတာက ဇိမ်ရှိပေမယ့် အစာတွေက အပေါ်ကို ပြန်ဆန်တက်နိုင်ပါတယ်။ အထူးသဖြင့် အဆီများတဲ့ အစားအစာတွေ စားတဲ့အခါပါ။ စားပြီးချိန် မတ်မတ်နေတဲ့အခါ ကမ္ဘာမြေရဲ့ ဆွဲအားက အစာတွေ အစာအိမ်အောက်ဖက်ကို ဆင်းသွားစေဖို့ ကူညီပေးပါတယ်။ ညဥ့်နက်မှ အစာစားတာလည်း အတူတူပါပဲ။ စားပြီး မကြာခင်အိပ်တဲ့အခါ အပေါ်မှာ ပြောခဲ့သလို ရင်ပူတာ၊ အစာမကြေ ရင်ပြည့်ရင်ကယ်တာတွေ ဖြစ်နိုင်ပါတယ်။
(7) အဆီနဲ့ဆီကြော်တွေ စားခြင်း
ဆီကြော်နဲ့ အဆီတွေကို အစာခြေရပိုခက်တဲ့အတွက် အစာအိမ်ထဲမှာ ကြာမြင့်စွာ နေစေပြီး အစာခြေအက်ဆစ်တွေလည်း ပိုထွက်စေပါတယ်။ ဒါ့အပြင် အစာရေမျိုအောက်ပိုင်း ရှုံ့ကြွက်သားလျော့ရဲစေပြီး အက်ဆစ်တွေ ဆန်တက်မှုကြောင့် ရင်ပူစေပါတယ်။
ဒါကြောင့် အစာအိမ်ရောဂါတွေက ကင်းဝေးချင်ရင် အစာကို ဖြည်းဖြည်းစားတာ၊ ညက်အောင်ဝါးစားတာ၊ ပြည့်အင့်နေအောင် မစားတာ၊ အချိန်မှန်စားတာ၊ အသား၊ ငါး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ အဓိကစားတာ၊ အချိုတွေလျှော့စားတာ၊ ဆီကြော်တွေရှောင်တာ၊ အရက်ဘီယာနဲ့ gas ပါတဲ့ အချိုရည်တွေ လျှော့သောက်တာ၊ စားပြီးရင် မတ်မတ်ထိုင်နေတာ သို့မဟုတ် လမ်းလျှောက်တာ စတဲ့ အလေ့အကျင့်တွေကို ပျိုးထောင်သင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်